【 ပြည်တွင်း 】 တာချီလိတ်မြို့တွင် ငွေကျပ် သိန်း ၅၅၀၃.၄ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

【 ပြည်တွင်း 】 တာချီလိတ်မြို့တွင် ငွေကျပ် သိန်း ၅၅၀၃.၄ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် - ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ငွေကျပ် သိန်း ၅၅၀၃.၄ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ပို့ဆောင်သူ သီဟစိုး (၃၃) နှစ်နှင့် စိုင်းဝန်းကျောက် (၃၄) နှစ်တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့သယ်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၄.၉၂ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၅၄၁၂ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ ည ၆ နာရီ ၄၅ အချိန်တွင် စိုင်းဝန်းကျောက် နေထိုင်သည့် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၈၀ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၈၈ သိန်း)၊ ကက်တမင်း အလေးချိန် ၄၀ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၃.၄ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ CCDAC MYANMAR မှ ထုတ်ပြန်ထားပါတယ်။

အဆိုပါဖမ်းမိသူတွေကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

ဇိုင်းဇိုင်း
Photo - CCDAC MYANMAR