KNU နယ်မြေထဲ လက်နက်ကြီးကျလို့ အရပ်သား ၇ ဦး သေဆုံး

0
18

မုန်း၊ မတ် ၉

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်ထဲကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်ဟာ KNU မုန်းမြို့ နယ်ရဲ့ ကျေးရွာတွေဖြစ်တဲ့ နှောင်ကုန်း၊ မရမ်းစိန်ကြီး၊ မရမ်းစိန်လေး၊ တမောမနဲ့ဘုရားလဟာကျေး ရွာထဲကို လက်နက်ကြီး ၃၆ ကြိမ်၊ ဒရုန်းနဲ့တစ်ကြိမ် ပစ်ခတ်ခဲ့တာပါ။

အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေထဲ စစ်တပ်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် မောင်မင်းခန့်လွင်အပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး အသက် ၉ နှစ်အရွယ် မဇင်မာဖြူအပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုအတွင်း နေအိမ် ၇ လုံးနဲ့ စာသင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU မုန်းမြို့နယ်ထဲမှာ နေ့စဉ်ရက်ဆက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေး ရွာပေါင်း ၁၈ ရွာ၊ လူဦးရေ စုစုပေါင်း ၁၁၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသခံတွေဟာ စားဝတ်နေရေးအကျပ်အတည်းနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ KNU က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.