Cafes & Restaurant

အသားဟင်းတစ်မျိုးနဲ့ အရံဟင်း (၅) မျိုးပါ အ၀စား (၅၀၀၀) ကျပ် မြေအိုးထမင်းဆိုင်

November 16, 2023

ပုဂံမှာပဲ အများဆုံး တွေ့ရတတ်တဲ့ အညာပုံစံ မြေအိုးနဲ့ ရောင်းတဲ့ ထမင်းဆိုင်လေးကို ရန်ကုန်မှာတင် စျေးတန်တန်နဲ့ အ၀စားလို့ရမယ့် နေရာတစ်ခု တွေ့ထားပါတယ်။ မြန်မာပါးစပ်နဲ့ ခံတွင်းတွေ့မယ့် မြန်မာဟင်းလျာမျိုးစုံကို ငပိရည်တို့စရာ အစုံအလင်နဲ့ ဖွယ်ဖွယ်ရာရာ စားချင်သူတွေအတွက် အဆင်ပြေမယ့် ဆိုင်လေးပါ။ ဆိုင်နာမည်ကတော့ ဖိုးပြုံးချို မြေအိုးထမင်းဆိုင်ဖြစ်ပြီး ဗိုလ်မင်းရောင်လမ်းမ၊ (၄၀) စျေးအနီး၊ မြောက်ဒဂုံမြို့နယ်မှာ ရှိပါတယ်။ 

ဆိုင်ထဲကို ဝင်ဝင်ချင်း မြေအိုးဟင်းပွဲတွေကို တန်းမြင်လိုက်ရတာက အညာဒေသကို လွမ်းသွားစေပါတယ်။ ဆိုင်အပြင်အဆင်လေးက ဓနိမိုးနဲ့ မြန်မာ့ရိုးရာ ခမောက်လေးတွေ သုံးထားတာ ဖြစ်တဲ့အတွက် မြန်မာမှုကို ထင်ဟပ်နေပါတယ်။ ဟင်းပွဲတွေကို တည်ခင်းပေးတဲ့ ပုံစံလေးကလည်း မြေခွက်လေးတွေ၊ သစ်သားခွက်လေးတွေ၊ ဇကောလေးတွေ စတဲ့ မြန်မာ့လက်မှုပစ္စည်းလေးတွေနဲ့ ဖြစ်တဲ့အတွက် အညာဘက်က အမျိုးအိမ်တစ်အိမ်မှာ အေးအေးချမ်းချမ်း ထမင်းဝင်စားနေရသလိုပါပဲ။ 

သူ့ဆိုင်မှာ မြန်မာထမင်းဟင်းတွေကိုမှ အညာပုံစံချက်လေးတွေအပြင် ချင်းရိုးရာဟင်းလျာတွေ၊ ရခိုင်ရိုးရာဟင်းလျာတွေလည်း ရပါသေးတယ်။ ဖိုးပြုံးချိုရဲ့ မီနူးဟင်းလျာလေးတွေကတော့ - 

     Advertisement

Click Here > YC

အသားနဲ့ ငါး

- ဝက်သားနီချက်
- ဝက်သားပြာဟင်း
- ဝက်သားပုန်းရည်ကြီး
- ဆိတ်သားချက်
- အမဲသားချက်
- ကြက်ရခိုင်ချက်
- ပြည်ကြီးငါးချက်
- ငါးပြေမချက်
- ငါးမဲလုံးကြော်ချက်
- ငါးသလောက်ဥဟင်း
- ငါးခူစင်းကောချက်
- ဘဲသားပေါင်း
- ပုဇွန်ထုပ်
- ငါးရှဉ့်ခြောက်စပ်
- ငါးကြင်းကြော်ချက်

အရည်သောက်နဲ့ အရွက်ကြော်

- ရွှေဖရုံသီးချက်
- ဂေါ်ဖီထုပ်ကြော်
- ကြော်လျှာသီးချက်
- ဂေါရခါးညွန့်ကြော်
- ချင်းရိုးရာသီးစုံပြာဟင်းချက်
- ဟင်းနုနွယ်ဆူးပုတ်ရွက်ကြော်
- ခဝဲသီး မျှစ်ချက်
- ခရမ်းချဉ်သုပ်
- ငရုပ်သီးကြက်သွန်သုပ်
- ငါးခေါင်းဟင်းရည်

အသားသုပ်

- နွားနောက်သားခြောက်ဖက်ဖာသုပ်
- အမဲသားခြောက်သုပ်
- ဆိတ်သားခြောက်လက်ဖက်ထောင်း

ရခိုင်သုပ်

- ပြည်ကြီးငါးသုပ်
- ကင်မွန်းသုပ်
- ဝက်သားသုပ်
- ဝက်ခေါင်းသုပ်
- ရေဘဝဲသုပ်
- ပုဇွန်စိမ်းသုပ်
- ဂုံးကြီးသုပ်
- လယ်ခရုသ​ေဘာသီးထောင်းသုပ်
- လက်ဖက်ငါးခြောက်သုပ်
- သခွက်ပွင့်သုပ်
- ကျောက်ပွင့်သုပ်

ရခိုင်ထောင်း
- လယ်ခရုထောင်း
- သင်္ဘောသီးထောင်း
- အပ်မှိုထောင်း
- ပြောင်းဖူးထောင်း
- ရခိုင်မုန့်တီထောင်း
- ကြက်ခြေထောက်သုပ်
- ကြက်သားထောင်း  စသဖြင့် မြန်မာဟင်းလျာတွေ အစုံအလင် ရပါတယ်။ တစ်ရက်နဲ့ တစ်ရက်တော့ သူ့ဆိုင်မှာ ရတဲ့ မီနူးတွေက မတူနိုင်ပါဘူးနော်။  

မြေအိုးထမင်းဆိုင်ဆိုတဲ့အတိုင်း အသားဟင်းတွေကို ချက်တဲ့အခါမှာ မြေအိုးကို သုံးပြီး သေချာ အချိန်ပေး ချက်ပြုတ်ထားတာဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အသားတွေဆိုလည်း နူးအိပြီး ပိုအရသာရှိပါတယ်။ 

သူ့ဆိုင်က ဟင်းပွဲအရသာကြောင့်ရော စျေးတန်တာရောကြောင့်ပါ လူကြိုက်များပါတယ်။ နှစ်သက်ရာ အသား/ငါးဟင်းတစ်မျိုးနဲ့ အရံဟင်း (၅) မျိုးအပါအဝင် ငါးပိရည်တို့စရာ အစုံအလင်ကိုမှ အ၀စား တစ်ဦးကို ၅,၀၀၀ ကျပ်ပဲ ပေးရပါတယ်။

အရံဟင်းတွေထဲမှာလည်း အရည်သောက်၊ အသီးအရွက်ကြော်၊ အသုပ်၊ အထောင်းစသဖြင့် အမယ်စုံစုံလင်လင် ပါ၀င်သလို ထမင်းစားပြီးရင်လည်း လက်ဖက်နဲ့ အညာထန်းညက်တို့ကို အချိုပွဲအနေနဲ့ စားသုံးဖို့ ချပေးပါသေးတယ်။

ဆိုင်ကတော့ မနက် (၉) နာရီလောက်ကနေ ည (၉) နာရီလောက်အထိ ဖွင့်ထားပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့ အပြင်အဆင်၊ နွေးထွေးတဲ့ ဝန်ဆောင်မှုနဲ့ အမယ်စုံစုံ ဟင်းလက်ရာတွေကို မြည်းစမ်းနိုင်မယ့် ဆိုင်ကောင်းလေးမို့ လမ်းညွှန်ပေးလိုက်ပါတယ်။

ဖုန်း -  09 40300 9779


Read 304 times.