【ပြည်တွင်း】မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းတွင် တရုတ်အဝတ်အထည် Brand က လာရောက်လေ့လာမှုများရှိနေ

【ပြည်တွင်း】မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းတွင် တရုတ်အဝတ်အထည် Brand က လာရောက်လေ့လာမှုများရှိနေ

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းတွင် တရုတ်အဝတ်အထည် Brand က လာရောက်လေ့လာမှုများ လုပ်ဆောင်ထားကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

လက်ရှိတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများ၌ အသစ်ဝင်ရောက်ရန် ဆွေးနွေးနေသည့် Brand အသစ်များ ရှိနေပြီး ထိုထဲတွင် တရုတ်အဝတ်အထည် Brand က လာရောက်လေ့လာမှုများ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

အလားတူ တရုတ်နိုင်ငံအပြင် ကိုရီးယားနိုင်ငံမှလည်း ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်အသစ်အဖြစ် ဝင်ရောက်ရန်ရှိနေပြီး ဥရောပသမဂ္ဂနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှလည်း အမှာစာအများဆုံး ဝင်ရောက်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိတွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အသင်းဝင်စက်ရုံပေါင်း ၅၀၀ နီးပါးရှိပြီး လုပ်သားဦးရေ ၅သိန်း ဝန်းကျင်ဖြင့် လည်ပတ်လျက်ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းကလည်း ရန်ကုန်တိုင်းရှိ CMP အထည်ချုပ်လုပ်ငန်းများတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့ Inya Lake Hotel ဝင်းရှိ Yangon Convention Center မှာ ပြုုလုပ်ခဲ့တဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ အထည်အလိပ်နှင့်စက်ယန္တရားကုန်စည်ပြပွဲ(၂၀၂၃)မှာလည်း တရုတ်နိုင်ငံမှ အထည်လိပ်လုပ်ငန်းရှင်များကို မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့ဘဏ်၏ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း၏ ၅ ရာခိုင်နှုန်းကိုသာ ကိုယ်တိုင်ချုပ်လုပ်တင်ပို့ခြင်းဖြစ်ပြီး ကျန် ၉၅ ရာခိုင်နှုန်းကတော့ လက်ခစား CMP စနစ်ဖြင့် ချုပ်လုပ်တင်ပို့နေခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အောင်အောင်

ရန်ကုန်၊ ဇန်နဝါရီ ၅