【 ပြည်တွင်း 】 မန္တလေးမှာ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

【 ပြည်တွင်း 】 မန္တလေးမှာ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

မန္တလေး၊ မတ် - ၂၃

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လမ်း ၈၀ နဲ့ ၄၂ လမ်းထောင့်က နေအိမ်တစ်အိမ်မှာ ယမန်နေ့ ညနေပိုင်းက အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး၊ ဓာတ်လိုက်ပြီး သေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဓာတ်လိုက်ပြီး လဲကျတယ်၊ နှလုံးထိခိုက်မိတယ် ထင်တာပဲ၊ ဆေးရုံရောက်လိုက်သေးတယ်ဗျ၊ အရေးပေါ်ကုသပေးနေရင်း ဆုံးရှာတာ၊ ဇနီးနဲ့ လူမမယ်အရွယ် သမီးလေးတစ်ယောက် ကျန်ခဲ့တယ်” လို့ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ညနေ ၅ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်နေဆဲ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

“မန္တလေးမှာ ဒီရက်ပိုင်း၊ မီးဆက်တိုက်လာချိန်က တစ်နာရီတောင်မပြည့်ဘူး၊ ဘယ်လိုက ဘယ်လိုဖြစ်တယ်ဆိုတာတော့ သက်ဆိုင်ရာက စစ်ဆေးနေဆဲပါ” လို့ အခင်းဖြစ်နေရာအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဓာတ်လိုက်ခံရတဲ့ လူနာကို မဏီစလလူမှု/နာမှုကူညီရေးအသင်းက မန္တလေးဆေးရုံကြီး အရေးပေါ်ကုသဆောင်ဆီ ယင်းအသင်းပိုင် လူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်ထဲက နေအိမ်တစ်အိမ်မှာ အသက် ၆၄ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ဓာတ်လိုက်ပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

ဖြူလုံး
Photo - မဏီစလလူမှု/နာမှုကူညီရေးအသင်း(မန္တလေးမြို့)