မော်လူးမြို့ကိုသိမ်းပိုက် စစ်ကောင်စီ ၇ ဦးအလောင်းနဲ့ အရှင် ၄ ဦးဖမ်းမိ လက်နက်များစိစစ်သိမ်းနေဆဲ

မော်လူးမြို့ကိုသိမ်းပိုက် စစ်ကောင်စီ ၇ ဦးအလောင်းနဲ့ အရှင် ၄ ဦးဖမ်းမိ လက်နက်များစိစစ်သိမ်းနေဆဲ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို ယနေ့ ဒီဇင်ဘာ ၁၃ ရက် နံနက် ၆ နာရီမှာ သိမ်းပိုက်နိုင်ပြီး ထိန်းချုပ်နိုင်လိုက်ပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF  အမှတ်(၁)စစ်ကြောင်းဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် နံနက် အစောပိုင်း ၂ နာရီခန့်ကနေ စတင်တိုက်ခိုက်ခဲ့ရာ ၄ နာရီကျော်ကြာ တိုက်ပွဲအပြီးမှာ သိမ်းပိုက်နိုင်လိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာတော့ စစ်ကောင်စီ တပ်သား ၇ ဦးရဲ့သေဆုံးအလောင်းနဲ့ အရှင်ဖမ်းမိသူ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးကို စစ်ကြောရေးကိုပို့ဆောင်ပေးလိုက်တယ်လို့ အမှတ်(၁) စစ်ကြောင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

"ဖမ်းဆီးရမိသူတွေကို ဘာရာထူးဘယ်သူဆိုတာကို သိဖို့စစ်ကြောရေးပို့ထားတယ်။ အသေခုနှစ်လောင်းရတယ်။ ဆက်လက်ပြီး ထွက်ပြေးတဲ့စစ်ကောင်စီတွေကို လိုက်ဖမ်းနေတယ်။ လက်နက်တွေကတော့ ရရှိပါတယ်။ ခဲယမ်းကျည်လည်းရတယ်။ ဒါတွေနဲ့ပတ်သက်ပြီး စိစစ်နေဆဲပါ" လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

တိုက်ခိုက်နေဆဲမှာ မိုးညှင်းအမြောက်တပ်(၉၀၄) ကနေ ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်တာတွေပြုလုပ်သလို နံနက် ၇ နာရီကျော်မှာ ရဲစခန်းဝန်းကျင်ကို လေယာဉ်နဲ့ဗုံးကြဲတာတွေ ပွိုင့်-5 နဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် တော်လှန်ရေးဘက်မှာ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ မြို့ပျက်စီးမှုကြီးကြီးမားမား မရှိသလို Non CDM အများစု အလင်းဝင်နေကြပြီး တချို့ကတော့ ပြေးကြပြီလို့ သတင်းပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

"အလင်းမဝင်ချင်တဲ့သူကတော့ ပြေးပြီပေါ့ဗျာ၊ အဲ့ဒါကတော့ လွန်ခဲ့တဲ့တလလောက် ကတည်းက ကြေညာထားတဲ့အတွက် ပြေးကြပြီ။" လို့ သူကထပ်မံပြောပါတယ်။

လက်ရှိမှာတော့ မော်လူးမြို့မှာ လာရောက်စစ်ရှောင်နေကြရတဲ့ အင်းတော်၊ နဘား၊ အောင်ကုန်း၊ နံ့သာ က စစ်ရှောင်တွေအပါအဝင် မော်လူးဒေသခံတွေပါ စစ်ရှောင်ရတဲ့အတွက် စစ်ရှောင် ၁ သောင်းကျော်ရှိသွားပြီလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ABSDF အမှတ်(၁) စစ်ကြောင်း၊ KIA၊ PDF၊ ပကဖ၊ ပလဖ များ ပူးပေါင်းထားတဲ့ တပ်ပေါင်းစုက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

ဓါတ်ပုံ-ABSDF

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အင်းတော်မြို့နယ် #မော်လူးမြို့ #ABSDF #စစ်ကောင်စီ #မြို့သိမ်းတိုက်ပွဲ #အလင်းဝင်ရောက် #NonCDM  #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10