သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလမြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်ပြီး တာဝန်ယူ


ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း (သြဂုတ်လ ၂၄၊ ၂၀၂၃/ ဓာတ်ပုံ UNSC video screenshot)
ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း (သြဂုတ်လ ၂၄၊ ၂၀၂၃/ ဓာတ်ပုံ UNSC video screenshot)

အထွေထွေညီလာခံကနေ စက်တင်ဘာလ ၅ ရက်နေ့က Credential Committee နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်စိစစ်ရေးကော်မတီကို ခန့်အပ်ဖွဲ့ခဲ့ပေမယ့် ကော်မတီအစည်းအဝေးမထိုင်နိုင်တဲ့အတွက် သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေမယ်လို့ ကုလ အရာရှိတဦးပြောဆိုချက်ကို ကိုးကားပြီး RFA သတင်းဌာနက ရေးသားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ လက်ရှိအားဖြင့်ကို ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းသံအမတ်ကြီးအဖြစ် အထွေထွေညီလာခံကို တက်ရောက်နေပါတယ်။ လန်ဒန်အခြေစိုက်တဲ့ Myanmar Accountability Project အဖွဲ့ ထုတ်ပြန်ချက်မှာတော့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ်ဆက်ထားဖို့ ကော်မတီက ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကိုယ်စားလှယ်စိစစ်ရေးကော်မတီ ခန့်အပ်ဖွဲ့စည်းခဲ့ပေမယ့် အစည်းအဝေးကို အခုအချိန်အထိ မထိုင်နိုင်သေးတာကြောင့် အခု ရှိပြီးသား နိုင်ငံကိုယ်စားလှယ်တွေကပဲ ကုလသမဂ္ဂကို ကိုယ်စားပြုနေတာလို့ သိရပါတယ်။ အရင်နှစ်တွေတုန်းကလည်း ကော်မတီကနေ ကိုယ်စားလှယ်စိစစ်မှုကို ဆိုင်းငံ့ခဲ့တာကြောင့် လက်ရှိကိုယ်စားလှယ်တွေကပဲ ကုလသမဂ္ဂမှာ တာဝန်ယူနေရတာပါ။ ဒီနှစ်လည်း အလားတူ ဖြစ်ဖို့များတယ်လို့ ဗွီအိုအေက စုံစမ်းသိရပါတယ်။ နောက်ဆုံးဖြစ်ထွန်းမှုအတိအကျကိုသိရဖို့ ဗွီအိုအေက စုံစမ်းနေဆဲရှိပါတယ်။

ဗွီအိုအေနဲ့ သံအမတ်ကြီးတို့ တွေ့ဆုံမေးမြန်းခန်းမှာတော့ အရင်နှစ်တွေအတိုင်း ကိုယ်စားပြုမှုစိစစ်ရေးဆိုင်းငံ့ထားပြီး သူပဲ ဆက်တာဝန်ယူရဖွယ်ရှိတယ်ဆိုတာကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက အရိပ်အမြွတ်ပြောထားပါတယ်။ လက်ရှိ စိစစ်ရေးကော်မတီမှာတော့ ကုလအမြဲတမ်းအဖွဲ့ဝင်သုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ရုရှားတို့ ပါဝင်ထားကြပါတယ်။ လက်ရှိမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကပဲ ဆက်ရှိနေပြီး အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် အတည်ပြုပေးဖို့ စစ်ကောင်စီဘက်က အမည်တင်သွင်းထားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ပွဲအနိုင်ရအစိုးရကိုပဲ ဆက်ပြီး ကိုယ်စားပြုထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG